October 24, 2015
NCA လက်မှတ်ထိုးတဲ့အရေး၊ အသွင်မတူတဲ့ အမြင်များ ကောက်နုတ်ကြည့်ခြင်း – အပိုင်း(၂) (၃)
ဗိုလ်ထက်မင်း –  NCA လက်မှတ်ထိုးတဲ့အရေး၊ အသွင်မတူတဲ့ အမြင်များ ကောက်နုတ်ကြည့်ခြင်း – အပိုင်း( ၂)
(မိုးမခ) အောက်တိုဘာ ၂၂ ၊ ၂၀၁၅
၁၁။ အဆိုပါကိစ္စနဲ့စပ်လျဉ်းပြီး ငြိမ်းချမ်းရေးစင်တာနဲ့နီးစပ်တဲ့ တပ်မတော်အရာရှိကြီး(ငြိမ်း)တစ်ဦး အားမေးမြန်းခဲ့ရာ သူ့က အောက်ပါအတိုင်းပြောလာပါတယ်- “ ဒါဟာ တဖက်နှင့်တဖက် ပြည်နယ်အဆင့် ၊ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေနွေးခဲ့တဲ့ သဘောတုညီချက်ကို ဖေါက်ဖျက်တာဘဲ၊ ယာယီအပစ်ရပ်တာကို အခွင့်ကောင်းယူပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ဟာ ခြေဆန့်လက်ဆန့်လုပ်တာဘဲ၊ ဧရိယာကျော်ရင်လက်နက်ကိုင် မသွားရဆိုတာရှိတယ်။ လူသစ်စုဆောင်း၊အကောက်ကောက်။ သူတို့တခါမှမရောက်ဘူးသေးတဲ့နေရာတောင်ပါတယ်။တခါ စားကျက်လုရင်း ပအို့နဲ့ ရှမ်းနယ်မြေအငြင်းပွါးမှူက ဖြစ်လာပြီ၊ KIA ဆိုရင်လက်မှတ်ထိုးဖို့နေနေသာသာ မိုက်ကြေးခွဲတဲ့ ပုံစံမျိုး ဖါးကန့်နယ်၊ ရှမ်းနီ(၂)ဦးကို ပစ်သတ်၊ ကုမ္ပဏီတခုဝင်မီးရှို့၊ မူဆယ်လိုနေရမျိုး ဘဏ်၊ ကားဂိတ်တွေကိုတောင် ဆက်ကြေးကောက်တယ်။ TNLA ဆိုရင် ကားလမ်းမကြီး ဓမြတိုက်တယ်။”ပြောပါတယ်။
၁၂။ စာရေးသူက တပ်မတော်လုပ်ရပ်တချို့ကို လက်မခံဘဲပြန်လှန်ဆွေးနွေးရာမှာ- “တပ်မတော်ကာကွယ်ရေးဦးစီချုပ်က ကိုးကန့်အရေးအခင်းတုံးက တပ်မတော်ဟာ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ဌာနချုပ်ကိုဘယ်တော့မှမတိုက်ဘဲ MNDAA က စတိုက်လို့ အချုပ်အချာအာဏာ ထိခိုက်တယ်လို့ပြောထားကြောင်း၊ ဒီဖြစ်စဉ်ကျတော့ SSPP/SSA ဝမ်ဟိုင်းဌာနချုပ်ကို တိုက်မယ်လို့ခြိမ်း ချောက်တာ မဖြစ်သင့်ကြောင်း၊ သူတို့ဖယ်ခိုင်းတဲ့ တာဆမ်းပူက တို့ဆိပ်ကိုမဖယ်ရင်တော့ အရေးယူတာဖြစ်သင့်ကြောင်း၊ ဒါပေမဲ့ နယ်မြေဧရိယာ တိတိကျကျမခွဲသေးထားတော့ ဘယ်သူမှားတယ် ဆိုတာ ပိုင်းခြားလို့ မရလို့ SSPP/SSA အနေနဲ့NCA လက်မှတ်ထိုးသင့်တယ် မဟုတ်လား။” လို့ ဆွေးနွေးခဲ့ပါတယ်။
၁၃၊၊  သူက ပြန်လှန်ဆွေးနွေးရာမှာ“ ဦးဆေးထင် ချင်းမိုင်ထိပ်သီးဆွေးနွေးပွဲမှာ အနှောင့်အသွားမလွတ် တဲ့စကားတွေပြောသွားခဲ့တာ သက်ရောက်မှူရှိတယ်လို့ ယူဆကြောင်း၊ အမှန်ဆိုရင် လက်မှတ်ထိုးလိုက်ရင် တပ်မတော်က စိတ်ကြိုက်တိုက်ကွက်ဖေါ်လို့ မရတော့မှာကို သဘောပေါက်ဖို့လိုကြောင်း၊ တိုင်းရင်းသား လက်နက်တချို့ကလည်း NCA စာချုပ်ပြီးရင် လုပ်ချင်တိုင်း လုပ်လို့မရတော့မှာမို့  SSR နဲ့ DDR တို့ကျရင် ရသမျှ SPACE  ချဲ့တဲံ့သဘောမြင်တယ်။ ဒါကြောင့်တပ်ချုပ် ပြောပြောနေတဲ့ ငြိမ်းချမ်းရေးမူ  (၆)ချက် ထဲမှာ ကတိတည်ဖို့ ဆိုတာ့ ထည့်ထားတာဖြစ်တယ်။” လို့ပြောပါတယ်။
၁၄။ စာရေးသူက ဝေဖန်သုံးသပ်ရာမှာ“ တပ်ချုပ်ကလည်း အောက်ကလူတွေ စိတ်မချလို့လား။ သူဘဲ Incon လုပ်ချင်နေတာလား မသိဘူးဗျာ။ တပ်က သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့မယ်ဆိုပြီး ယခုထိ မဖွဲ့သေးတာ တပ်ပုံရိပ် ထိခိုက်တာပေါ့။ တပ်မတော်ရဲ့ မီဒီယာဆက်ဆံရေးဌာနက စာနယ်ဇင်းကောင်စီ (ယာယီ) ကို လွန်ခဲ့သော ၁ နှစ်က ပြောထားတာ အခုထိ အကောင်အထည်ပေါ် မလာသေးဘူး။ ဒီလိုအရေးကြီးတဲ့အချိန် မှာ သတိထားရပြီး မြေပြင်သတင်းလက်ဦးမှု၊ မိမိဆက်သွယ်ရေးစက်ရှိနေပြီသားမို့ သတင်းစာရှင်လင်းပွဲ လုပ်သင့် လုပ်ရမှာပေါ့။ တဖက်မှာ သူတို့တွေက နယ်မြေထဲမှာ ချဲ့ထွင်ပြီး၊ ဆင်းပြီး လုပ်ချင်တိုင်းလုပ်နေတာကို လူထုမသိဘဲ တပ်ကဘဲ လက်မှတ်မထိုးလို့ ဖိအားပေးတာဘဲ ပေါ်လွင်သွားတယ်။ ” ပြောလိုက်ပါတယ်။
၁၅။  (SSPP/SSA) ရဲ့ ဝမ်ဟိုင်းဌာနချုပ်အတွက် အရေးပါသည့် ခံစစ်စခန်း တခုဖြစ်သော တာဆမ်ပူး ကူးတို့ဆိပ်ကို ၁၆ရက်နေ့မှာ ဖယ်ပေးလိုက်ရပြီ ဖြစ်ကြောင်း SSPP/SSA ကပြောပါတယ်။ ဒေသခံများမှ တက်လာတဲ့အတည်ပြုဆဲ သတင်းအရ ယခုရက်ပိုင်း တိုက်ပွဲ ဖြစ်စဉ်များမှာ ထိခိုက်မှုများပြားလာလို့ ဝမ်ဟိုင်း အဖွဲ့ခေါင်းဆောင်ဖြစ်သူ ပန်ဖနှင့် ဒုတိယခေါင်းဆောင် ခေးတိုင်း တို့အကြား သဘောထားကွဲလွဲလာပြီး ခေးတိုင်းမှ ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း သဘောထားရှိကာ အဖွဲ့အစည်းအတွင်း နှစ်ခြမ်းကွဲနေပါတယ်။ ခေါင်းဆောင် ပန်ဖ မှ ခွဲထွက်လိုပါက ခွဲထွက်နိုင်ကြောင်း ပြောကြားသဖြင့် ခေးတိုင်းဟာ နယ်မြေခံ တပိရင်းသို့ တိုက်ပွဲများရပ်စဲရန် နှင့် ငြိမ်းချမ်းရေးဆောင်ရွက်လိုကြောင်း ဆက်သွယ်လာခဲ့ပြီး တပ်ဖွဲ့ဝင်များကြားတွင် တိုက်ပွဲများ ရပ်တန့်လိုသူ ပိုများနေကြောင်း သိရပါတယ်။
၁၆။  စာရေးသူက ပြန်လည်ဆွေးနွေးရာမှာ “တချက်ခုတ်နှ စ်ချက်ပြတ်အနေနဲ့ လက်မှတ်မထိုးတဲ့သူတွေ အချင်းချင်းညှိထားကာ တဖက်က လူသစ်စုဆောင်း၊ အကောက်ကောက်ရင်း တိုင်းရင်သားတပ်တချို့ကိုပေး အလှုပ်ပြပြီး တပ်မတော်စစ်ကြောင်းက ဝင်ရှင်းမှာ ကြိမ်းသေတာမို့  မီဒီယာနဲ့ စည်းဝါးကိုက်ကာ တပ်မတော်က ဖိအားပေး တိုက်နေပြီ စိတ်ဓါတ်စစ်ဆင်ရေးနည်းဗျုဟာ အကွက်ဖေါ်တာ မဖြစ်နိုင်ဘူးလား။”
၁ရ။  သူက“ ဟုတ်တယ်ဗျာ ဗိုလ်ချုပ်ဂွမ်မော်က အရင်  အသံထွက်လာတာပါ။ တိုက်ပွဲက သိပ်မဖြစ်သေးဘူး၊ နောက်မှ နိုင်ဟံသာက အသံဆက်ထွက်တာ၊  တိုက်ဆိုင်တာဘဲလားမသိဘူး၊။ အဓိကတပ်မတော်ကငြိမ်းချမ်းရေး အမှန်လိုချင်တဲ့ KNU ကို ယုံကြည်မှု ပိုရှိသွားလို့ TRADER HOTEL ဗုံးကွဲတာကအစ နောက်ဆုံး တပ်ချုပ်ရဲ့ဖါးပွန်ခရီးစဉ်မှာ အရန်ရဟတ်ယာဉ်ကို အောက်က သေနတ်နဲ့ ပစ်ခံရတာတောင် ခွင့်လွှတ်လာတယ်။ ကိုယ်သာဆို နောက်က MI35 ရဟတ်ယာဉ်ကပ်လိုက်ခိုင်းပြီး ပစ်တဲ့သူကို ချေမှူန်းပစ်ခိုင်းမိမှာဘဲ။”
၁၈။ စာရေးသူကတော့ ဒီဖြစ်စဉ်နဲ့ စပ်လျဉ်းပြီး ဘဝင်မကျတာ ဆွေးနွေးပါတယ်- “အမှန်မှာ လုံခြုံရေးက တပိုင်းထားသင့်ပြီး တိုင်းရင်းသားနယ်မြေကို ဖြတ်မယ်ဆိုရင် ငြိမ်းချမ်းရေးယူထားတဲံ့ တိုင်းရင်းသားခေါင်းဆောင်ကို လေးစားမှူသမှူ အချိန်ချန်ပြီး ပြောသင့်တာပေါ့။ ပြောလို့မှဖြစ် လာရင် အဲဒီခေါင်းဆောင်ဟာ မိမိတို့အပေါ် တာဝန်ယူမှူ၊ တာဝန်ခံမှူ ဖြတ်လို့ရပြီပေါ့၊ ဒါကြောင့်သူတို့ဆီက သတိပေးတဲ့ ကြေငြာချက် ထုတ်တာကိုး ၊နောက်သတင်းတခုက KNU တပ်မဟာ (၅) ကြောင့်ဆိုပြီး မြိုင်ကြီးငူဘက်ရွာသားတွေ ထွက်ပြေးလာတာဟာ နယ်ခြားစောင့်တပ်ရင်းတွေ ဟပ်ကြီးစီမံကိန်းရှိလို့ ထိုးတာနဲ့ ဆိုင်တယ်လို KNU အဖွဲ့အစည်းနဲ့ နီးစပ်သူကပြောတယ်။ နောက်ပြီး သူတို့လက်အောက်ခံ မဟုတ်တဲ့ ဖါးပိဆိုတဲံ့အဖွဲ့တဖွဲ့ကြောင့်လည်း ပြောတယ်။ ဒီကိစ္စက အစိုးရနဲ့  KNUခ ဆက်ဆံရေးပျက်ပြားအောင် မလိုတဲ့သူက လုပ်တယ်လို့လည်း  နယ်ခံဆီကသိရတယ်။ သိပ်မရှင်းဘူးဗျ။”
၁၉။ အားလုံး ပါဝင်လက်မှတ်မထိုးနိုင်ရတဲ့အကြောင်းရင်းတွေမှာ NCA Peace Process အကောင်အထည် ဖေါ်မှု အစိုးရအားနည်းချက်တွေ ထပ်မံတွေ့ရှိလာခဲ့ပါတယ်။ အစိုးရအနေဖြင့် အားလုံးပါဝင် လက်မှတ်ရေး ထိုးနိုင်ရေး စပ်လျဉ်းပြီး သဘောထားကြီးကြီး စောင့်ခဲ့တာ ပေါ်လွင်ပေမဲ့ ချဉ်းကပ်ပုံချဉ်းကပ်နည်းဟာ သမာရိုးကျ ငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူများကိုသာ အလွတ်သဘော တွေ့ဆုံတဲ့နည်းလမ်းကိုသာ သုံးခဲ့တာ တွေ့ရပါတယ်။ ခုန်ပျံကျော်လွှား နိုင်စေဖို့ နှစ်ဖက်ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်း၊ ဘာသာရေးအသင်း အဖွဲ့၊ဒါမှမဟုတ် တကိုယ်တော် အကျိုးဆောင်တွေကို စေလွှတ်ကာ တိုင်းရင်းသားတွေရဲ့ အခက်အခဲ၊ ခံစားချက်၊ လိုလားချက်တွေကို တီးခေါက်သင့်ပါတယ်။ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်ဟု သတ်မှတ်ရာမှာ အစိုးရကမသိဖါသာနောက်မှာနေပြီး ဦးတေဇ၊ ဦးထွန်းမြင့်နိင်တို့လို သူဌေးတစ်ဦးအား ငွေကြေး စားနပ်ရိက္ခာလိုမျိုး အခက်အခဲ အတွင်းရေးကျကျပြောမထွက် လိုနေတာမျိုး ပြောနိုင်အောင် တိုင်းရင်းသား အဖွဲ့တွေကို ချဉ်းကပ်စေလွှတ်ကာ ဖြေရှင်းပေးခြင်းဖြင့် ဆုံချက်တခုရသွားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်ဂွမ်မော်က ဦးတေဇကို ရန်ကုန်မှာ လက်ခံ တွေ့တာတွေ၊ KIA – G.S ဒေါက်တာလဂျာတို့အဖွဲ့က ဦးသိန်းစိန်ထံ လာတွေ့ပြီးနောက် ဦးတေဇက ခမ်းခမ်းနားနား ဧည့်ခံတယ်လို့သိရပါတယ်။
၂၀။  Bi-literal လုပ်ပြီးသား TNLA ကို တပ်ချုပ်က လက်နက်ချမှ ရမယ်ပြောတာက လွန်လွန်းပြီး သမ္မတ က ပြည်နယ်၊ ပြည်ထောင်စုအဆင့်သို့ ဆွဲတင်ဖို့ခက်သွားပါတယ်။ မတ်လကတည်းက ကြိုတင်ခေါ်မယ်ဆို ပါက ဒီလိုပြုတ်ကျန်တာမျိုး ဖြစ်မှာမဟုတ်ပါ။ တပ်ချုပ်နဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) တွေ့ဆုံပွဲမှာ MNDAA ဟာ အချုပ်အချာ အာဏာထိပါးလို့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရုံနဲ့ လောက်ကိုင်စစ်ဌာနချုပ်ကို စစ်ကြေညာပြီး တိုက်ခိုက်တဲ့အတွက် ငြိမ်းချမ်းရေး လုပ်လို့မရကြောင်း၊ AA မှာ KIA ကမွေးထုတ်ပေးလိုက်တာဖြစ်လို့  ရခိုင် ကို အခြေပြုဖို့ကြိုးစားတာကို တိုက်ထုတ်လိုက်ကြောင်း၊ TNLA နဲ့ KIA တပ်မဟာ(၄)ဟာ MNDAA ကိုကူညီ လို့ လက်နက်ချမှ ရမယ်လို့ ပြောသွားခဲ့ပါတယ်။ ချင်းမိုင်မှာ တိုင်ရင်းသားထိပ်သီးအစည်းအဝေးမှာ ကျင်းပနေတုန်းက တပ်ချုပ်က မီဒီယာတခုမှာNCA စာချုပ်ပြီး DDR ,SSR ဆွေးနွေးတဲ့အခါ တိုင်းရင်းသားတွေဆီကလက်နက်ဖြုတ်ရမယ် ပြောလိုက်လို့ ဂယက်ရိုက်သွားကာ တွေဝေကုန်ကြတယ်။ နောက်မှ တပ်ချုပ်က ကျွံသွားမှန်းသိလို့  မိမိအစီအစဉ်နဲ့ လက်နက်တွေကိုသာ သိမ်းထားရမယ်လို့ ပြင်ဆင်ပြောပါတယ်။
၂၁။  တဖန်အမည် မဖေါ်လိုသူ တပ်မတော်အရာရှိကြီးတစ်ဦးက စာရေးသူဖေ့ဘုတ်ကို ပို့သွားခဲ့ပါတယ်။ သူ့အား တရားဝင်ဆက်သွယ်ပါက တာဝန်ထိခိုက်နိုင်လို့ ထပ်မမေးတော့ပါ။ သူက UWPC နဲ့  NCCT ဆွေးနွေးပွဲကျင်းပနေတုံး ပထမလိုင်ဇာနဲ့ ဒုတိယလိုင်ဇာ တိုင်းရင်းသား ထိပ်သီးအစည်းအဝေး နှစ်ခု အကြား အဲဒီ(၃)ဖွဲ့  (ကိုးကန့်၊ တအောင်းပလောင်၊ ရခိုင်) ကို လက်မခံတော့ဘူးဆိုကာ အကြောင်းပြချက်ရှိလာပြီမို့ စောစောစီးဖြတ်ချလိုက်ရင် ပြီးသွားနိုင်ပါတယ်။ အားလုံးပါဝင်ရေးဆိုတာဟာ ဆွေးနွေးခဲ့တဲ့ (၁၅)ဖွဲ့ကို ဆိုလိုတာ ဖြစ်တယ်ဆိုတာ မတ်လမူကြမ်းလက်မှတ်ထိုးကတည်းက ရှင်းရှင်းလင်းလင်း ကြေညာထားသင့် တယ်။ ဒါပေမဲ့အစိုးရကလည်း တပ်မတော်နဲ့ သဘောထားတောင်းပြီး အဲဒီအဖွဲ(၃)ဖွဲ့ကို ဘယ်လိုပုံစံနဲ့ ဆွဲတင်ရင် ဖြစ်နိုင်မလဲ အပြုသဘော လုပ်ဆောင်မှု ပြသရမယ်။ သမ္မတက ထိပ်သီးမှာ ပြောသွားတဲ့စကားမှာ … ကတိကဝတ်စာချုပ်မှာ နောက်ဆက်တွဲ ပြုလုပ်ပေးမဲ့ အနေအထားနဲ့ အချိန်ဇယားပါ ထပ်ထည့်ပေးလိုက်ရင် တွေဝေနေတဲ့ တိုင်းရင်းသားအဖွဲ့တချို့ကလည်း အစိုးရ လိုက်လျောသဘောထားကြီးမှု ပေါ်လွင်ပြီး လက်မှတ်ထိုးဖို့ တိုးလာမှာဖြစ်တယ် … လို့ပါရှိပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
ဗိုလ်ထက်မင်း –  NCA လက်မှတ်ထိုးတဲ့အရေး၊ အသွင်မတူတဲ့ အမြင်များ ကောက်နုတ်ကြည့်ခြင်း – အပိုင်း (၃)
(မိုးမခ) အောက်တိုဘာ ၂၄ ၊ ၂၀၁၅
၂၂။ အစိုးရ ချန်ထားရတဲ့ အကြောင်းရင်းက ယုတ်တိယုတ်တန်၊ အကြောင်းအရင်း ခိုင်မာမှု (ရှိ၊ မရှိ) လေ့လာရပါမယ်။ အောက်တိုဘာ ၁၅ ရက်တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက် ကိုင်အ ဖွဲ့ရှစ် ဖွဲ့အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုအပြီးတွင်ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် ဖုန်ကြားရှင်ခေါင်းဆောင်သော ကိုးကန့် အဖွဲ့နှင့်ပတ်သက်ပြီး မည်ကဲ့သို့ဆောင် ရွက် ထားမှုများရှိသည်ကို သိရှိလို ကြောင်း သတင်းမီဒီယာများ ၏ မေး မြန်းမှု အပေါ်ဦးအောင်မင်းကပြောခဲ့ရာမှာ- ”ဦးဖုန်ကြားရှင်ဟာ အရင် ၁၉၈၉ ခုနှစ်တုန်းက ငြိမ်းချမ်းရေးရယူခဲ့တဲ့ အဖွဲ့ထဲမှာ ဦးဖုန်ကြားရှင်လဲ ငြိမ်းချမ်းရေး ရယူခဲ့ပါတယ်။ ဦးဖုန်ကြားရှင်နဲ့လဲ ကျွန်တော်တို့က နိုင်ငံတော် သမ္မတကြီးကအစ ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးပါတယ်။ ဒါကြောင့်မို့ ဦးဖုန်ကြားရှင် ကနေ စာရေးတယ်။ သမ္မတကြီးဆီကို၊ သူအသက်ကြီးပါပြီ၊ စစ်လဲမတိုက်ချင်တော့ပါဘူး။ ကိုးကန့် နယ်မြေမှာ ပဲ ပြန်ပြီးတော့ ခေါင်းချပါရစေဆိုပြီးတော့ စာရေးပါတယ်။ စာရေးတော့ သမ္မတကြီးကလဲ ပုဂ္ဂိုလ်ရေးခင်မင်မှုနဲ့ “ကဲ – အဲဒီလိုဆိုရင်တော့ ခွင့်ပြုပေးမယ်။ ခင်ဗျားပြန်လာခဲ့။ လောက်ကိုင်မှာ နေမယ်ဆိုရင်လဲ ခွင့် ပြုမယ်။ မန္တလေး၊ လားရှိုး၊ ရန်ကုန် ကြိုက်တဲ့နေရာမှာနေပါ။ ခွင့်ပြုပေးမယ်လို့ ပြောထားပါတယ်”ဟု ယင်းက ပြောသည်။ ယင်းသို့ နိုင်ငံတော်သမ္မတ၏ အကြောင်းပြန်မှုအပေါ် ဖုန်ကြားရှင်က ပြည်တွင်းသို့ ပြန်ဝင်ရောက်လာပါက အသက်အန္တရာယ်ကြောင့် သေနတ်အလက် ၆၀ ခန့်ပါ တစ်ပါတည်း ယူခွင့်ပြုရန်ပါ တောင်းဆိုသည်ဟု ဦးအောင်မင်းက ဆိုပါတယ်။ ဦးအောင်မင်းက ”သူ့ရဲ့အသက် အန္တရာယ်စိုးရိမ်ရတယ်။ ဒါကြောင့် လက်နက်အလက် ၆၀ ယူခွင့်ပေးပါ ဆိုပြီးပြောပါတယ်။ ကျွန်တော်တို့က လက်နက်ပေးလိုက်ပြီဆိုရင် ဖုန်အဖွဲ့နဲ့  ရန်အဖွဲ့ တိုက်ပွဲတွေဖြစ်နေဦးမှာ ပဲ။ ဒါကြောင့် ဒါကိုတော့ခွင့်မပြုနိုင်ဘူးလို့ ဒီအတိုင်းပဲ အကြောင်းပြန်ထားတယ်။ သေနတ်တော့ ယူမလာနဲ့၊ ကြိုက်တဲ့နေရာမှာ နေလို့ရတယ်လို့ အကြောင်းပြန်ထားတယ်။ ကျွန်တော်တို့ အစိုးရက အများကြီးသဘောထား ကြီးပါတယ်”ဟု ကိုးကန့်အပေါ် အစိုးရသဘောထားသိရပါတယ်။
၂၃။ စာရေးသူအမြင်က ဦးဖုန်ကြားရှင်က ပထမတုံးက လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အပေါ် ဖေါက်ဖျက် တဲ့အတွက် သူ့အား အေးဆေးစွာနေခိုင်းပါမယ်လို့ တိုင်းရင်းသားလက်နက်ကိုင်တဖွဲ့ဖွဲ့က အာမခံနိုင်မှသာ ယုံကြည်စိတ်ချရမယ့် အခြေအနေရှိပါတယ်။ ဆိုလိုတာက သူ့အား တရုတ်လောင်းရိပ်မှ လွတ် မလွတ် တာဝန်ခံ ခိုင်းခြင်းဖြစ်ပါတယ်။
၂၄။ ဆက်လက်ပြီး ဦးအောင်မင်းက ပလောင်တိုင်းရင်းသားလက်နက်ကိုင်နဲ့စပ်လျဉ်းပြီး ဆိုလာပါတယ်-  ”TNLA နဲ့ ပတ်သက်ပြီးတော့လဲ ၂၀၁၃ ခုနှစ်မှာ ကျွန်တော် မူဆယ်မြို့မှာ ပဏာမအဆင့် လက်မှတ်ရေး ထိုးဖို့ သွားပြောတယ်။ သွားပြောတော့ အဆင်မပြေဘူးဗျ။ ဘာကြောင့်လဲဆိုတော့ သူတို့က ပလောင်လူမျိုးတွေနေတဲ့ နေရာအားလုံးကို သူတို့ကို ပေးရမယ် … တဲ့။ ပလောင်လူမျိုးတွေနေ တဲ့ နေရာတိုင်း ပေးရမယ်ဆိုရင် ရှမ်းတွေ၊  ကချင်တွေရှိတဲ့နေရာမှာလဲ ပလောင်တွေရှိတယ်။ အဲဒီတော့ ကျန်တဲ့ရှမ်းတွေ၊ ကချင်တွေက လက်ခံပါ့မလား။ နောက်ဆွေးနွေးပွဲ ဆက်လုပ်ဖို့လုပ်ပေမယ့်လဲ မလုပ်ဖြစ် ဘူး။ နောက် NCA အတွက် ကျွန်တော်တို့ MPC အဖွဲ့ လူတွေထပ်သွားတွေ့တော့ လက်ခံမတွေ့ဘူး” ဟု ဦးအောင်မင်းက ရှင်းလင်းပြောကြားခဲ့တာ သိရပါတယ်။
၂၅။ စာရေးသူ သိထားတာမှာ ဦးညိုအုန်းမြင့်က ဆက်သွယ်ခဲ့သော်လည်း သူတို့က အဖွဲ့တဖွဲ့တည်း အနေနဲ့မတွေ့လိုဘဲ ကိုးကန့်၊ ရခိုင်ပါ တခါတည်းတွေ့ဖို့ တောင်းဆိုနေတယ်လို့ သိရပါတယ်။ ပလောင်လူမျိုးတွေနေရာအားလုံးကို ပေးရမယ်ဆိုတဲ့ သူတို့ အလိုလိုက်ခဲ့ရင် စည်ရုံးရေးအရ ရှိပြီးသား တိုင်းရင်းသားအဖွဲ့တွေရဲ့ ညိုညင်မှုကို အပျက်ခံမှာ မဟုတ်ဘူးလို့သုံးသပ်ပါတယ်။
၂၆။  မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံး မပါဝင်နိုင်ဖြစ်နေတာဟာ တရုတ်နိုင်ငံရဲ့စွက်ဖက်မှု ကြောင့်ဖြစ်ကြောင်း၊ NCA လက် မှတ်ရေးထိုးခါနီး ရက်အနည်းငယ်အလို အစိုးရဘက်မှ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တစ်ဦးက ရိုက်တာသတင်းဌာနအား ပြောခဲ့ပါတယ်။  ထိုစွပ်စွဲပြောဆိုချက် မဟုတ်မှန်ကြောင်း တရုတ်အစိုးရက ငြင်းဆိုသကဲ့သို့ အကျိုးတော်ဆောင်ကလည်း ထိုကဲ့သို့ မပြောခဲ့ကြောင်း ဆင်ဟွာသတင်းဌာနမှာ ပြန်လည်ငြင်းဆိုခဲ့တာ တွေ့ရပါတယ်။
၂၇။ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကလည်း NCA လက်မှတ်ရေးထိုးပွဲအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ဖာထးနေတာ တွေ့ရပါတယ် – “တရုတ်နိုင်ငံနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကိစ္စမှာ ဘာမှဝင်ရောက်စွက်ဖက်ခြင်း မရှိဘူးလို့ ကျနော်ပြောချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့က ဗဟိုအစိုးရကိုး။ ဗဟိုအစိုးရကို ဘေကျင်းအစိုးရနဲ့ပဲ ဆက်ဆံမယ်။ ဘေကျင်းရဲ့ပေါ်လစီက ကျနော်တို့ကို ကူညီပေးရမယ် ဆိုတာကို။ အဲ့တော့ နောက်ဆုံး ကျနော်တို့ သမ္မတကြီး ဦးသိန်းစိန် သွားတုန်းကလည်း သမ္မတကြီး ရှီကျင့်ပင်က ငြိမ်းချမ်းရေးကို အကူအညီပေးမယ်ပြောတယ်။ အချက် ၂ချက်ပဲ ပြောခဲ့တယ်။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်ကို ဝိုင်းပြီးတော့ အကူအညီပေးပါ့မယ် ပြောပါတယ်။ နောက်တခုကတော့ ရေဘေးဒုက္ခရောက်နေတဲ့သူတွေကို ပိုက်ဆံ ဘယ်လောက်ပေးပါမယ်ဆိုတဲ့ အဲ့ဒီ့နှစ်ခုပဲ ပြောပါတယ်။ အဓိကက။ ဒါကြောင့်မို့ ဘေကျင်းရဲ့ ပေါ်လစီကတော့ ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကူညီပေးမယ်ဆိုတာလည်း ဒီလိုပဲဖြစ်မှာပါ။ ”  တဖန် NCA စာချုပ် လက်မှတ်ရေးထိုးအပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးသံအမတ်ကြီး Mr.Sun Guoxiang က သတင်းထောက်တွေကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး လက်မှတ်ထိုးဖို့ အမြဲ တိုက်တွန်းကြောင်း၊ တရုတ် အစိုးရဟာ တိုက်တွန်းသူ၊ ထောက်ခံသူ သာဖြစ်ပြီး ဆုံးဖြတ်သူ မဟုတ်ကြောင်း နဲ့မြန်မာ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် ဆက်လက် ကူညီပေးမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါသေးတယ်။
၂၈။ ဒါပေမဲ့ တရုတ်နယ်စပ်က အဖွဲ့အစည်းတွေ မပါဝင်တော့တာဟာ တဖက်နိုင်ငံအစိုးရဲ့ လတ်တလော ပြောင်းလဲလိုက်တဲ့ မူဝါဒကြောင့်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ရဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေး အဖွဲ့ NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျံမှုန်းဆာခေါင်းက ဝေဖန်သံထွက်လာပြန် တယ်- “နိုင်ငံတကာ ဖိအားတွေလည်း ပါပါတယ်။ တရုတ်ဖိအားလည်း ပါပါတယ်။ ကျနော်တို့က သမ္မတကြီးနဲ့ ထိပ်သီးငါးယောက် တွေ့ပြီးတဲ့နောက်ပိုင်းမှာ တရုတ်က ပေါ်လစီပြောင်းလိုက်တာ ကျနော်တို့ တွေ့ရပါတယ်။ အဲ့ဒီ့မတိုင်ခင်က “အားလုံးပါဝင်နိုင်ရေးမူ” မှာ “ပါဝင်နိုင်တဲ့သူတွေသွားပြီးတော့ ဆောင်ရွက်သင့်တာ ဆောင်ရွက်ပါ” ဆိုတဲ့ ပေါ်လစီ တရုတ်မှာ ကိုင်ထားတယ်လို့ ကျနော်တို့သိရတယ်။ ဒါပေမဲ့ သမ္မတကြီးနဲ့ တွေ့ဆုံပြီးနောက်ပိုင်းမှာ ဥရောပ သမဂ္ဂနဲ့ ဂျပန် ပါလာတာနဲ့တပြိုင်နက်တည်း တရုတ်က သူ့ပေါ်လစီပြောင်းသွားတယ်။ တိုင်းရင်းသားတွေ အားလုံးပါမှ လက်မှတ်ထိုးသင့်တယ်လို့ ပြောလာတယ်။ အဲ့ဒီ့အခါကျတော့ အဆင်သင့်မဖြစ်သေးတဲ့ အဖွဲ့တွေအနေအထားကို ကျနော်တို့ ဘယ်လိုမှ ဆောင်ရွက်လို့မရဘူး။ အဲ့ဒီ့အတွက်ကြောင့် ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေရဲ့ Pressure တွေ အခုလက်မှတ်ရေးထိုးတဲ့ပွဲမှာ အများကြီး ကျနော်တို့ ပုခုံးပေါ်မှာ သက်ရောက်လာတယ်ဆိုတာကို ကျနော်ပြောချင်ပါတယ်။”
၂၉။ အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့  ၂၁ ဖွဲ့အနက်မှာ ၁၅ဖွဲ့ ကိုသာ လက်မှတ်ရေးထိုးဖို့ ဖိတ်ကြားခဲ့ပြီး ပါဝင်လက်မှတ် မရေးထိုးတဲ့ ၇ ဖွဲ့မှာ တရုတ်နယ်စပ်အခြေစိုက်အဖွဲ့  ၄ ဖွဲ့ ပါဝင်နေတာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၉ရက်နေ့ နိုင်ငံတော်သမ္မတနဲ့ တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်တွေ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးတဲ့ ရက်ပိုင်းကတော့ တရုတ်-မြန်မာ နယ်စပ်က အင်အားကြီးလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ၀ ပြည် သွေးစည်းညီညွတ်ရေးပါတီက သဘောထားကြေညာချက်တရပ် ထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေညာချက်မှာ “ ဥရောပ၊ အမေရိကန်၊ ဂျပန်စတဲ့ အနောက်နိုင်ငံအင်အားစုက မြောက်ပိုင်းပဋိပက္ခမှာ တရုတ်ပြည် ယူနန်ပြည်နယ်က အား မပေးစေဖို့ တောင်းဆိုခဲ့ တာကြောင့် ၀ အထူးဒေသ၂ က ဒီကတိကို စောင့်ထိန်းခဲ့ကြောင်း၊ NCA စာချုပ်အတွက် ညှိနှိုင်းရာမှာ အနောက်နိုင်ငံတွေ နောက်ကွယ်ကနေ တောက်လျှောက် ပါဝင်ခဲ့ပြီး လက်မှတ်ရေးထိုးရာ တရားဝင် ပါဝင်လာတော့မှာ ဖြစ်ကြောင်းနဲ့ ၀တပ်ဖွဲ့အနေနဲ့ NCA ကို ပါဝင်လက်မှတ်ရေးထိုးရင် အနောက်နိုင်ငံအုပ်စု ပါဝင်တာကို လက်ခံလိုက်သလို ဖြစ်မှာကြောင့် ယူနန်ပြည်နယ်အပေါ် ကတိမပျက်စေလိုတာကြောင့် လက်မှတ်ရေးထိုးမှာ မဟုတ်ကြောင်း”  ဖော်ပြခဲ့ပါတယ်။ စာရေးသူ ယူဆတာက “ဝ” က တမင်ထိပ်တိုက်တွေ့အောင် လွှတ်ထည့်လိုက်တယ်လို့ သုံးသပ်ပါတယ်။ ဒါမှ သူ့အပေါ် အပြစ်မမြင်မှာ ဖိအားလျှော့မှာဖြစ်တယ်။
၃၀။ အဆိုပါဖြစ်စဉ်တွေဟာ ငြိမ်းချမ်းရေးစင်တာကို စာရေးသူ မေးခွန်းတွေထုတ်ဖို့ ရှိလာပါတယ်။ ငြိမ်းချမ်းရေးစင်တာ တာဝန်ခံဦးအောင်မင်းအနေနဲ့ လက်ပန်းတောင်းတောင် အရေးအခင်းမဖြစ်မီ ဘုန်ကြီးတွေနဲ့တွေ့ခဲ့တုံးက တပည့်တော်တို့ တရုတ်ကို ကြောက်ရပါတယ်ဆိုတာ ပိုပြီးသက်သေပြ လိုက်သလို မဖြစ်ဘူးလား။ တပ်မတော်ထိပ်ပိုင်း လူကြီးများပြောပြောနေတဲ့ မျိုးချစ်စိတ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်အတွက်တော့သုံးပြီး တရုတ်ကိုကျတော့ ငယ်ကြောက်လို ဦးအောင်မင်းတယောက် မျိုးချစ်စိတ် ခမ်းခြောက်ပြီလား မေးချင်ပါတယ်။ တရုတ်သြဇာရှိနေတာကို ဗျောင်လိမ်နေမဲ့အစား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သတ်မှတ်ချက်မရှိတာမို့ ဝ နဲ့ မိုင်းလားနယ်ကို ချောင်းပေါက်အောင် စွန့်စွန့်စားစား ယခင်ထောက်လှမ်းရေးတွေရဲ့ နည်းဗျူဟာအတိုင်း ဘာလို့ မသွားသလဲ။ တန်ပြန်ထောက်လှမ်းရေးဘာသာရပ်ကို ပြန်သင်ပေးရမလား၊ ဒီနေ့တပ်မတော်မှာ သူရ ဘွဲ့ဆိုတာ အချင်းချင်းတိုက်ရလို့ ဂုဏ်ယူစရာမရှိပါဘူးလို့ ဦးအောင်မင်း ပြောလိုက် လို့ ဂယက်ရိုက်သွားတာကြောင့် ဖြေရှင်းချက် ပြန်ပေးရသလို ထောက်လှမ်းရေးကလာသူပီပီ လွယ်လွယ်နဲ့ နှူတ်ကတိ ပေးလွန်တယ်လို့ ဒီနေ့တိုင်းရင်းသားလောကမှာ စိန်အောင်မင်းဇာတ်သဘင်ဆိုပြီး စကားအသုံးပေါ်ထွက်ခဲ့ပါတယ်။
၃၁။ ဦးအောင်မင်းသိစေဖို့ feed backကို တင်ပြပေးလိုက်ပါတယ်။ ကရင် လက်နက်ကိုင်အဖွဲ့အစည်း တခုမှ ထိပ်တန်းတစ်ဦးက ဒီလို သဘောထား ပေးလာပါတယ် – “ ဦးအောင်မင်းက လျှာမှာ အရိုးမရှိတိုင်း ပြောတတ်တယ်။ ကျွန်တော် ကိုယ်ပိုင်ဆန္ဒအရ ပြောရရင် ဖေါက်တဲ့သူကို ဝိုင်းချမယ်၊ ကိုယ်တိုင်လည်း စည်းကမ်းလိုက်နာ တိတိကျကျ လုပ်မယ်။ စစ်သားလိုပြတ်ပြတ် ဘဲ။ ဒါကြောင့် တပ်ချုပ်ကိုမင်းအောင်လှိုင်ရဲ့ ပြောပုံဆိုပုံ ပိုကြိုက်တယ်။ “ABSDF မှ ထိပ်တန်းတစ်ဦးကလည်း သုံးသပ်လာပါတယ် – “ငြိမ်းချမ်းရေးစင်တာအနေနဲ့ တရုတ်နဲ့စပ်လျဉ်းပြီး Strategy plan ဆိုပြီး – ဒီလိုပြောလိုက်မယ် ဆိုရင် ဘာတွေဖြစ်လာလို့၊ ဘယ်လို လုပ်လိုက်မယ်ဆိုတာ လုပ်ထားဟန် မတူဘူး၊ ဦးသိန်းဇော်ရဲ့ လှုပ်ရှားမှု တည်ငြိမ်ပြီး ရင့်ကျက်တဲ့အသွင်ဆောင်၊ သံတမန်အခင်းအကျင်း နားလည်တတ်ကျွမ်းဟန် တူလို့ပိုကြိုက်တယ်။” တဲ့။ လက်ရှိ တာဝန်ထမ်းဆောင်နေသူ တပ်မတော်အရာရှိတစ်ဦးကလည်း ဖေ့ဘုတ်မှာ ရင်ဖွင့်လာဖူးတယ် – “ ငြိမ်းချမ်းရေးဆွေးနွေးပွဲအစပိုင်းကာလမှာ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးချက်တွေကို ဦးအောင်မင်း က တပ်ချုပ် သဘောထားတောင်းဖို့ လိုတယ်ထင်ရင် အချိန်ရွေ့ပြီး ပြန်မေးမြန်းတာ မလုပ်ခဲ့လို့ အမြင် မကြည်လင်တာရှိခဲ့ကြောင်း၊ တိုင်းရင်းသားတွေဘက်က တပ်မှကိုယ်စားလှယ်ဟာ အဆင့်၊ ရာထူးကြီးကြီး ပါဝင်လာဖို့တောင်း ဆိုခဲ့ရာမှာ ဦးအောင်မင်းလက်အောက်ထဲ ဒုတပ်ချုပ်ကို မထည့်လိုဘဲ၊ တပ်ချုပ်ရဲ့အထူးအာဏာကုန်လွှဲတဲ့ ကစထမှူး  ကိုသာ ထည့်ပေးလိုက်ကြောင်း။ ဒီနေ့ “ဝ”ဆီကို တရုတ်ထံမှ ၁၂၂ မမ အတွဲလိုက်ပစ်တဲ့ ဒုံးပစ်စင်ပါတဲ့ ယာဉ်တွေပါ ပေးထားပြီဖြစ်လို့ လွယ်လွယ်နဲ့ အစိုးရက လျော့တွက်နေတာ အားမရကြောင်း၊ အနာရင့်လာရင် ကိုင်တွယ်ဖို့ခက်မှာဖြစ်ကြောင်း၊ လာမဲ့ရွေးကောက်ပွဲနယ်မြေကို မိုင်းလားနဲ့ ဝတို့က ပေး မကျင်းပတာကြည့်ရင် နားရွက် တံတွေးတက်စွတ် နေတာဖြစ်ကြောင်း၊ ဗီယက်နမ်လို မာစေကြောင်း” ပြောသွားခဲ့ပါတယ်။
၃၁။ စာရေးသူအနေနဲကခြုံငုံသုံးသပ်လိုတာက အစိုးရအနေနဲ့ လာမဲ့ရွေးကောက်ပွဲကို ထိခိုက်မခံနိုင် လို့တရုတ်နဲ့ထိပ်တိုက်တွေ့မဲ့အရေး နောက်တကွက် ဆုတ်လိုက်ဟန်တူပါတယ်။ တရုတ်ဆီက ရုတ်တရက် ရုန်းထွက်ဖို့ နစ်နေဟန်တူပြီး ရွေးကောက်ပွဲပြီးလို့အနောက်နိုင်ငံတွေအသိအမှတ်ပြုလာခဲ့ပါက စစ်ရေးအရ ပိတ်ဆို့မှု sanction ရုပ်သိမ်းနိုင်အောင်ကြိုးစားပြီးမှ ဝ၊ မိုင်းလားကို ကိုင်တွယ်မယ်လို့ သုံးသပ်ပါတယ်။ သမ္မတက လက်မှတ်မထိုးသူများကို ငြိမ်းချမ်းရေးမလိုလားသူများအဖြစ် မသတ်မှတ်ကြောင်းနဲ့ လက်တွဲခေါ်ရန်လိုလား တယ်လို့ ပြောတဲ့အပေါ်ကိုတော့ အကောင်းမြင် အပြုသဘောဆောင်ပါတယ်။ ဒီထက် လုပ်စေချင်တာက ထောင်ကျနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ဒီမိုကရေစီအရေးဆောင်ရွက်လို့ တပ်မတော်သားများအပါအဝင် လက်ပံတန်းအရေးအခင်းမှာ ဖမ်းဆီးထားတဲ့ကျောင်းသားများကို မိမိသားသမီးအရွယ် ခွင့်လွှတ်စိတ်ထားနဲ့ ချွင်းချက်မရှိ စေလွှတ်နိုင်ပါက သမ္မတရဲ့ငြိမ်းချမ်းရေးပုံရိပ် တောက်ပသွားမှာဖြစ်ပါတယ်။
No comments:
Post a Comment